တောလည်ရာကျမ်း
နိဒါန်း
ဣသရေလအမျိုးသားတို့သိနာတောင်ပေါ်မှထွက်ခွာလာ၍ သူတို့အားဘုရားသခင်ပေးတော်မူမည်ဟုကတိထားသည့်ခါနာန်ပြည်၏အရှေ့ဘက်နယ်စပ်သို့ရောက်ရှိသည်အထိ နှစ်ပေါင်းလေးဆယ်နီးပါးခန့်ကြာသည့်ခရီးအကြောင်းကိုတောလည်ရာကျမ်းတွင်ဖော်ပြသည်။ ဤကျမ်း၏ပေါ်လွင်သောအချက်မှာသူတို့ခရီးစ၍ မထွက်မီသိနာတောင်၌လည်းကောင်း၊ လူမျိုးဆက်တစ်ဆက်ခန့်လွန်ပြီးနောက်ယော်ဒန်မြစ်အရှေ့ဘက်၊ မောဘလွင်ပြင်၌လည်းကောင်း၊ ဣသရေလအမျိုးသားတို့၏သန်းခေါင်စာရင်းကိုကောက်ယူခြင်းဖြစ်သည်။ သန်းခေါင်စာရင်းကောက်ယူခြင်းနှစ်ကြိမ်စပ်ကြားကာလတွင် ဣသရေလအမျိုးသားတို့သည်ခါနာန်ပြည်၏တောင်ဘက်နယ်စပ်တွင်တည်ရှိသော ကာဒေရှဗာနာအရပ်သို့ရောက်ရှိနေသော်လည်း ခါနာန်ပြည်ထဲသို့ထိုအရပ်မှမဝင်ရောက်နိုင်ခဲ့ကြချေ။ သူတို့သည်ယင်းအရပ်တွင်နှစ်ပေါင်းများစွာနေထိုင်ကြပြီးနောက် ယော်ဒန်မြစ်အရှေ့ဘက်ဒေသသို့ရောက်ရှိပြီးလျှင်လူအချို့တို့သည် ထိုဒေသ၌အခြေချနေထိုင်၍ ကျန်လူတို့သည်ခါနာန်ပြည်ထဲသို့မြစ်ကိုကူး၍ဝင်ရောက်ရန်ပြင်ဆင်ကြသည်။
တောလည်ရာကျမ်းတွင်ဆင်းရဲဒုက္ခနှင့်တွေ့ကြုံရသောအခါ စိတ်ပျက်ကြောက်ရွံ့လွယ်၍ဘုရားသခင်အားလည်းကောင်း၊ သူတို့ကိုဦးဆောင်ရန်ဘုရားသခင်ခန့်ထားတော်မူသောမောရှေအားလည်းကောင်း မကြာခဏပုန်ကန်တတ်သောလူမျိုးအကြောင်းကိုဖော်ပြသည်။ ဣသရေလအမျိုးသားတို့တွင်အားနည်းချက်နှင့်နားမထောင်တတ်သောသဘောရှိသော်လည်း ဘုရားသခင်သည်မိမိ၏လူမျိုးတော်အားစောင့်ရှောက်မြဲစောင့်ရှောက်တော်မူကြောင်းကိုလည်းကောင်း၊ တစ်ခါတစ်ရံသည်းညည်းမခံနိုင်လောက်အောင်စိတ်ပျက်စရာများနှင့်တွေ့ကြုံရသော်လည်း မောရှေသည်ဘုရားသခင်နှင့်ကိုယ်တော်၏လူမျိုးတော်တို့အပေါ်၌ထားရှိသောသစ္စာအကြောင်းကိုလည်းကောင်း ဤကျမ်း၌ဖော်ညွှန်းထားသည်။
အကြောင်းအရာအကျဉ်းချုပ်
ဣသရေလအမျိုးသားတို့သိနာတောင်မှထွက်ခွာသွားရန်ပြင်ဆင်ကြခြင်း၁:၁-၉:၂၃
(က) ပထမဦးဆုံးသန်းခေါင်စာရင်းကောက်ယူခြင်း ၁:၁-၄:၄၉
(ခ) ပညတ်များနှင့်ဥပဒေများ ၅:၁-၈:၂၆
(ဂ) ဒုတိယပသခါပွဲတော် ၉:၁-၂၃
သိနာတောင်မှမောဘလွင်ပြင်သို့ ၁၀:၁-၂၁:၃၅
မောဘလွင်ပြင်၌တွေ့ကြုံရသောအဖြစ်အပျက်များ ၂၂:၁-၃၂:၄၂
အီဂျစ်ပြည်မှမောဘလွင်ပြင်အထိခရီးစဉ်အကျဉ်းချုပ် ၃၃:၁-၄၉
ယော်ဒန်မြစ်ကိုမဖြတ်ကူးမီပေးသောပညတ်များ ၃၃:၅၀-၃၆:၁၃
1
ဣသရေလအမျိုးသားတို့ကိုပထမဦးဆုံးသန်းခေါင်စာရင်းကောက်ခြင်း
1 ဣသရေလအမျိုးသားတို့သည်အီဂျစ်ပြည်မှထွက်လာပြီးနောက် ဒုတိယနှစ်၊ ဒုတိယလ၊ ပထမနေ့ရက်တွင်ထာဝရဘုရားသည် သိနာတောကန္တာရရှိစံတော်မူရာတဲတော်၌မောရှေအားအောက်ပါအတိုင်းမိန့်တော်မူ၏။-✡ တော၊ ၂၆:၁-၅၁။ 2-3 ``သင်နှင့်အာရုန်သည်ဣသရေလအမျိုးသားတို့၏သန်းခေါင်စာရင်းကို သားချင်းစုနှင့်မိသားစုအလိုက်ကောက်ယူရမည်။ စစ်မှုထမ်းနိုင်သူအသက်နှစ်ဆယ်နှင့်အထက်အရွယ်ရှိ အမျိုးသားအားလုံး၏နာမည်စာရင်းကိုကောက်ယူလော့။- 4 အနွယ်တစ်နွယ်စီမှသားချင်းစုအကြီးအကဲတစ်ဦးကို သင်တို့အားကူညီစေလော့'' ဟုမိန့်တော်မူ၏။- 5-16 သင်တို့နှင့်အတူကူညီ၍ အမှုကိုဆောင်ရသောသူဟူမူကား၊
အနွယ် | သားချင်းစုအကြီးအကဲ |
ရုဗင် | ရှေဒုရ၏သားဧလိဇုရ |
ရှိမောင် | ဇုရိရှဒ္ဒဲ၏သားရှေလုမျေလ |
ယုဒ | အမိနဒပ်၏သားနာရှုန် |
ဣသခါ | ဇုအာ၏သားနာသနေလ |
ဇာဗုလုန် | ဟေလုန်၏သားဧလျာဘ |
ဧဖရိမ် | အမိဟုဒ်၏သားဧလိရှမာ |
မနာရှေ | ပေဒါဇုရ၏သားဂါမလျေလ |
ဗင်္ယာမိန် | ဂိဒေါနိ၏သားအဘိဒန် |
ဒန် | အမိရှဒ္ဒဲ၏သားအဟေဇာ |
အာရှာ | သြကရန်၏သားပါဂျေလ |
ဂဒ် | ဒွေလ၏သားဧလျာသပ် |
နဿလိ | ဧနန်၏သားအဟိရ |
17 မောရှေနှင့်အာရုန်တို့သည် ထိုအမျိုးသားခေါင်းဆောင်တို့၏အကူအညီဖြင့်၊- 18-19 ဒုတိယလ၊ ပထမနေ့ရက်တွင်ဣသရေလအမျိုးသားအားလုံးကိုစုရုံးလာစေ၍ သားချင်းစုနှင့်မိသားစုအလိုက်စာရင်းကောက်ယူလေသည်။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်းအသက်နှစ်ဆယ်နှင့်အထက်အရွယ်ရှိသောအမျိုးသားအားလုံးတို့ကို စာရင်းကောက်၍မှတ်တမ်းတင်လေသည်။ မောရှေသည်သိနာတောကန္တာရထဲတွင်လူများကိုစာရင်းကောက်ယူခဲ့၏။- 20-46 ယာကုပ်၏သားဦးဖြစ်သူရုဗင်၏အနွယ်မှအစပြု၍ စစ်မှုထမ်းနိုင်သူအသက်နှစ်ဆယ်နှင့်အထက်အရွယ်ရှိအမျိုးသားအားလုံးတို့ကို သားချင်းစုနှင့်မိသားစုအလိုက်စာရင်းကောက်ယူလေ၏။ စုစုပေါင်းလူဦးရေစာရင်းမှာအောက်ပါအတိုင်းဖြစ်သည်။
အနွယ် | ဦးရေ |
ရုဗင် | ၄၆၅၀၀ |
ရှိမောင် | ၅၉၃၀၀ |
ဂဒ် | ၄၅၆၅၀ |
ယုဒ | ၇၄၆၀၀ |
ဣသခါ | ၅၄၄၀၀ |
ဇာဗုလုန် | ၅၇၄၀၀ |
ဧဖရိမ် | ၄၀၅၀၀ |
မနာရှေ | ၃၂၂၀၀ |
ဗင်္ယာမိန် | ၃၅၄၀၀ |
ဒန် | ၆၂၇၀၀ |
အာရှာ | ၄၁၅၀၀ |
နဿလိ | ၅၃၄၀၀ |
စုစုပေါင်း | ၆၀၃၅၅၀ |
47 လူဦးရေစာရင်းကောက်ယူရာတွင် လေဝိအနွယ်ဝင်တို့ကိုစာရင်းမကောက်ခဲ့ချေ။- 48-49 အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် မောရှေအား``သင်သည်စစ်မှုမထမ်းနိုင်သူဦးရေစာရင်းကိုမကောက်နှင့်။- 50 စစ်မှုထမ်းစေမည့်အစားကောက်ယူရာတွင်လေဝိအနွယ်ဝင်တို့ကို ငါစံတော်မူရာတဲတော်နှင့်တဲတော်ပစ္စည်းများကိုထိန်းသိမ်းစေလော့။ သူတို့သည်တဲတော်နှင့်တဲတော်ပစ္စည်းများကိုသယ်ဆောင်ရမည်။ သူတို့သည်တဲတော်တွင်အမှုတော်ကိုထမ်း၍တဲတော်ပတ်လည်တွင်စခန်းချနေထိုင်ရမည်။- 51 သင်တို့သည်စခန်းပြောင်းရွှေ့သည့်အခါတိုင်းလေဝိအမျိုးသားတို့က တဲတော်ကိုသိမ်း၍စခန်းသစ်ချရာ၌တဲတော်ကိုပြန်ထူရမည်။ လေဝိအမျိုးသားတို့မှလွဲ၍ အခြားသူတစ်ဦးသည် တဲတော်အနီးသို့ချဉ်းကပ်လျှင် ထိုသူအားသေဒဏ်စီရင်ရမည်။- 52 ဣသရေလအမျိုးသားတို့သည်စခန်းချသောအခါ မိမိတို့၏တပ်စုအလိုက်၊ အဖွဲ့အလိုက်၊ မိမိတို့၏အလံအနားမှာနေရာယူရမည်။- 53 တစ်စုံတစ်ယောက်သည်တဲတော်အနီးသို့ချဉ်းကပ်မိလျှင် ငါသည်အမျက်ထွက်၍တစ်မျိုးသားလုံးကိုဒဏ်ခတ်မည်ဖြစ်သည်။ သို့ဖြစ်၍လေဝိအနွယ်ဝင်တို့သည်တဲတော်ကိုစောင့်ကြပ်ရန်တဲတော်ပတ်လည်တွင်စခန်းချရမည်'' ဟုမိန့်တော်မူ၏။- 54 ထာဝရဘုရားသည်မောရှေအားအမိန့်ပေးတော်မူသည့်အတိုင်း ဣသရေလအမျိုးသားတို့သည်လိုက်နာဆောင်ရွက်ကြ၏။