ရှင်ယောဟန်
ပြုစုသည့်သတင်းကောင်း
နိဒါန်း
ရှင်ယောဟန်ပြုစုသည့်သတင်းကောင်းတွင်သခင် ယေရှုသည် "လူဇာတိကိုခံယူကာငါတို့ထံတွင် စံနေတော်မူသော ဘုရားသခင်၏နှုတ်ကပတ်တော် ဖြစ်ကြောင်းဖော်ပြထားလေသည်။ ထိုကျမ်းကိုပြုစု ရခြင်း၏ရည်ရွယ်ချက်မှာ သခင်ယေရှုသည်ဘုရား သခင်၏သားတော်၊ ဘုရားသခင်ကတိထားတော်မူ သောကယ်တင်ရှင်ဖြစ်တော်မူကြောင်းကို စာဖတ်သူတို့ ယုံကြည်လာကြစေရန်လည်းကောင်း၊ ယင်းသို့ ယုံကြည်ခြင်းအားဖြင့် ထာဝရအသက်ကိုရရှိကြစေရန် လည်းကောင်းဖြစ်၏။ (20း31)
သခင်ယေရှုသည်ဘုရားသခင်၏နှုတ်ကပတ်တော် ဖြစ်ကြောင်းကိုနိဒါန်းပျိုးပြီးနောက် ဤကျမ်း၏ ပထမပိုင်းတွင် သခင်ယေရှုသည် ဘုရားသခင်၏ သားတော်တည်းဟူသောဘုရားသခင်ကတိထား တော်မူသော ကယ်တင်ရှင် ဖြစ်တော်မူကြောင်းကို သက်သေပြသည့်နိမိတ်လက္ခဏာများကိုတင်ပြသည်။ ထိုနောက်ထိုနိမိတ်လက္ခဏာများ၏အနက် အဋ္ဌိပ္ပါယ်များကိုရှင်းလင်းဖော်ပြသည့် ဆွေးနွေးခန်းများကိုတင်ပြသည်။ ဤအခန်းများမှာပင်သခင်ယေရှုအား လူအချို့တို့ယုံကြည်လာကာနောက်တော်သို့ လိုက်ကြပုံကိုလည်းကောင်း၊ လူအချို့တို့သည် ကိုယ်တော်အား ယုံကြည်ရန်ငြင်းဆန်လျက် အတိုက်အခံပြုကြပုံကိုလည်းကောင်းဖော်ပြသည်။ အခန်း 13 မှ 17 တွင် သခင်ယေရှုအဖမ်းခံတော်မူ ရမည့်ညဥ့်၌ ကိုယ်တော်နှင့်တပည့်တော်တို့ရင်းနှီးစွာ မိတ်သဟာယဖွဲ့ကြကြောင်း၊ လက်ဝါးကပ်တိုင်တွင် အသေခံတော်မူရခါနီး၌ တပည့်တော်တို့ကြုံတွေ့ ရမည့်အရေးကိစ္စများကိုရင်ဆိုင်နိုင်ရန် အားပေးစကားပြောကြားတော်မူကြောင်းတို့ကိုအကျယ်တဝင့် တင်ပြထားလေသည်။ အခန်း 18 မှ 21 တွင် သခင်ယေရှု အဖမ်းခံတော်မူခြင်း၊ အစစ်အဆေးခံတော်မူခြင်း၊ လက်ဝါးကပ်တိုင်တော်ပေါ်တွင်အသေခံတော်မူခြင်း၊ သေခြင်းမှရှင်ပြန်ထမြောက်တော်မူခြင်းနှင့် တပည့်တော်တို့အားကိုယ်ထင်ပြတော်မူခြင်း အကြောင်းများပါရှိပေသည်။
8း1-11 ကိုကျမ်းမူများနှင့်ရှေးဘာသာပြန်များ တွင်မတွေ့ရပေ။ အချို့သောစာမူများကမူ ယင်းကိုအခြားနေရာတွင် ထည့်သွင်းဖော်ပြကြ သဖြင့် ယင်းကျမ်းပိုဒ်ကို "ကွင်းစကွင်းပိတ်" များဖြင့် ဖော်ပြထားသည်။
ရှင်ယောဟန်သည်ခရစ်တော်အားဖြင့်ရရှိသည့် ထာဝရအသက်တည်းဟူသောဆုကျေးဇူးတော်အကြောင်းကို အထူးအလေးပေး၍ရေးသားထား ၏။ သခင်ယေရှုအားခရီးလမ်း၊ သမ္မာတရား၊ အသက် အဖြစ်ဖြင့်ခံယူယုံကြည်သူတို့သည် ယခုဘဝမှအစပြု၍ထာဝရအသက်ကိုခံစား ရကြမည်ဖြစ်ကြောင်းတင်ပြသည်။ ရှင်ယောဟန်ပြုစု သည့်ကျမ်း၏ထူးခြားချက်မှာ လူတို့နေ့စဥ်တွေ့ထိ နေကျဖြစ်သောရေနှင့်အစာအာဟာရ၊ အလင်း၊ သိုးထိန်း နှင့်သိုး၊ စပျစ်ပင်နှင့်စပျစ်သီးစသည်တို့ကို ပုံဥပမာပေး၍ နက်ရှိုင်းသည့်အဋ္ဌိပ္ပါယ်ကိုထုတ်ဖော် ခြင်းပင်ဖြစ်ပေသည်။
အကြောင်းအရာအကျဥ်းချုပ်
နိဒါန်း 1း1-18
ဗတ္တိဇံဆရာယောဟန်နှင့်သခင်ယေရှု၏ တမန်တော်ဦးများ 1း19-51
သခင်ယေရှုအမှုတော်ဆောင်ခြင်း 2း1-12း50
ယေရုရှလင်မြို့နှင့်အနီးအနားတွင်
နောက်ဆုံးရက်သတ္တပတ် 13း1-19း42
သခင်ဘုရားသေခြင်းမှရှင်ပြန်ထမြောက်ခြင်းနှင့်
ကိုယ်ထင်ပြတော်မူခြင်း 20း1-31
နောက်တစ်ကြိမ်ကိုယ်ထင်ပြတော်မူခြင်း 21း1-25
1
အသက်တည်းဟူသော နှုတ်ကပတ်တော်
1 ကမ္ဘာလောကကိုဖန်ဆင်းတော်မမူမီကပင် နှုတ်ကပတ်တော်ရှိတော်မူ၏။ နှုတ်ကပတ်တော် သည်ဘုရားသခင်နှင့်အတူရှိတော်မူ၏။ နှုတ်ကပတ်တော်သည်လည်းဘုရားဖြစ်တော်မူ၏။- 2 နှုတ်ကပတ်တော်သည်အစအဦး၌ ဘုရားသခင်နှင့်အတူရှိတော်မူ၏။- 3 ဘုရားသခင်သည်နှုတ်ကပတ်တော်အားဖြင့် ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏။ ဖန်ဆင်းခြင်းနှင့်ကင်း၍ပေါ်လာသောအရာ တစ်စုံတစ်ခုမျှမရှိ။- 4 ဖန်ဆင်းတော်မူသမျှသောအရာတို့သည် နှုတ်ကပတ်တော်အားဖြင့် အသက်ကိုရရှိကြ၏။ ထိုအသက်သည်လူသားတို့ အတွက်အလင်းဖြစ်၏။- 5 ထိုအလင်းသည်အမှောင်တွင်ထွန်းလင်း၍အမှောင်သည် ထိုအလင်းကိုအဘယ်အခါမျှမဖုံးလွှမ်းနိုင်။
6 ဘုရားသခင်သည်ယောဟန်ဆိုသူအားမိမိ ၏စေတမန်အဖြစ်ဖြင့်စေလွှတ်တော်မူ၏။- 7 တရားတော်ကိုလူအပေါင်းတို့ကြား၍ ယုံကြည်လာစိမ့်သောငှာ ထိုသူသည်အလင်း တော်အကြောင်းကိုသက်သေခံရန်လာ၏။- 8 သူသည်အလင်းတော်မဟုတ်။ အလင်းတော် အကြောင်းကိုသက်သေခံရန်လာသူဖြစ်၏။- 9 ထိုအလင်းတော်သည်လောကသို့ကြွလာ၍ လူသားအပေါင်းတို့အပေါ်တွင် ထွန်းလင်း တောက်ပသည့်စစ်မှန်သောအလင်းဖြစ်ပေ သည်။
10 နှုတ်ကပတ်တော်သည်လောက၌ရှိတော်မူ၏။ လောကကိုနှုတ်ကပတ်တော်အားဖြင့်ဖန်ဆင်း တော်မူသော်လည်း လောကသည်ကိုယ်တော်ကို မသိ။- 11 ကိုယ်တော်သည်မိမိနေရင်းပြည်သို့ကြွတော်မူ သော်လည်း မိမိ၏ပြည်သားများကလက်မခံ ကြ။- 12 သို့ရာတွင်လူအချို့တို့သည်ကိုယ်တော်ကို ယုံကြည်လက်ခံသဖြင့် ဘုရားသခင်၏သား သမီးများဖြစ်ခွင့်ကိုရကြ၏။- 13 ထိုသူတို့သည်လူသားဖခင်မှပေါက်ဖွားလာ သောသားသမီးများမဟုတ်။ ဘုရားသခင် ပေါက်ဖွားစေတော်မူသောသူများဖြစ်ကြ၏။
14 နှုတ်ကပတ်တော်သည်လူဇာတိကိုခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်နှင့်ပြည့်စုံလျက် ငါတို့ထံတွင်စံနေတော်မူ၏။ ငါတို့သည် ကိုယ်တော်၏ဘုန်းအသရေတော်ကိုဖူးမြင် ရကြ၏။ ထိုဘုန်းအသရေတော်ကားခမည်း တော်၏တစ်ပါးတည်းသောသားတော်အဖြစ် ဖြင့်ခံယူရရှိသောဘုန်းအသရေတော်ပင် ဖြစ်သတည်း။
15 ကိုယ်တော်၏အကြောင်းကိုယောဟန်ဟောပြော၏။ ယောဟန်က ``ငါ၏နောက်ကြွလာသူသည်ငါ မမွေးမီကပင်ရှိနေနှင့်သဖြင့်ငါ့ထက်ကြီး မြတ်သူဖြစ်သည်ဟုငါသက်သေခံခဲ့သူကား ဤအရှင်ပင်တည်း'' ဟုကြွေးကြော်လေသည်။
16 ကိုယ်တော်သည်ကျေးဇူးတော်ပြည့်စုံကြွယ်ဝတော် မူသည်နှင့်အညီ ငါတို့အားကောင်းချီးမင်္ဂလာ တစ်ပါးပြီးတစ်ပါးချပေးတော်မူ၏။- 17 ဘုရားသခင်သည်ပညတ်တရားကိုမောရှေ အားဖြင့်ပေးအပ်တော်မူ၏။ သို့ရာတွင်ကျေးဇူး တရားနှင့် သစ္စာတရားတို့ကိုမူကားယေရှုခရစ် အားဖြင့်ပေးအပ်တော်မူ၏။- 18 လူတစ်စုံတစ်ယောက်မျှဘုရားသခင်ကိုမမြင် စဖူးသော်လည်း ခမည်းတော်၏ရင်ခွင်၌ရှိတော် မူသော၊ ဘုရားဖြစ်တော်မူသော၊ တစ်ပါးတည်း သောသားတော်သည် ဘုရားသခင်ကိုထင်ရှား စေတော်မူပြီ။
ဗတ္တိဇံဆရာယောဟန်ဟောပြောသည့်တရား
(မ၊ ၃:၁-၁၂။ မာ၊ ၁:၁-၈။ လု၊ ၃:၁-၁၈)
19 ယေရုရှလင်မြို့ရှိယုဒအမျိုးသားတို့သည် ယဇ်ပုရောဟိတ်နှင့် လေဝိအနွယ်ဝင်အချို့ တို့ကိုယောဟန်ထံသို့စေလွှတ်၍ ``သင်သည် အဘယ်သူနည်း'' ဟုမေးမြန်းစေကြ၏။
20 ထိုအခါယောဟန်က ``ငါသည်မေရှိယ မဟုတ်'' ဟုထိန်ဝှက်ခြင်းမရှိဘဲအတိ အလင်းပြောဆို၏။
21 ထိုသူတို့က ``သင်သည်မေရှိယမဟုတ်လျှင် အဘယ်သူနည်း။ ဧလိယပေလော'' ဟုတစ်ဖန် မေးပြန်ကြ၏။
ယောဟန်က ``ငါသည်ဧလိယမဟုတ်'' ဟုဆို၏။
သူတို့က ``ပရောဖက်ပေလော'' ဟုမေးကြလျှင်၊
``ငါသည်ပရောဖက်လည်းမဟုတ်'' ဟုဆိုပြန်၏။
22 ထိုသူတို့က ``သင်သည်အဘယ်သူနည်း။ ငါ တို့ကိုစေလွှတ်လိုက်သူများအားပြန်၍ ပြောရပါမည်။ သင်ကိုယ်တိုင်ကမည်သို့ ဆိုပါသနည်း'' ဟုမေးမြန်းကြ၏။
23 ယောဟန်က ``ငါသည်ပရောဖက်ဟေရှာယ ဖော်ပြခဲ့သည်အတိုင်း၊
`ထာဝရဘုရားသခင်၏လမ်းခရီးတော်ကို ဖြောင့်တန်းအောင်ပြုကြလော့' ဟု
တောကန္တာရ၌ကြွေးကြော်နေသောအသံဖြစ်၏''
ဟုဆို၏။
24 ယောဟန်ထံသို့ရောက်လာကြသောစေတမန် များတွင်ဖာရိရှဲအချို့ပါ၏။- 25 ထိုသူတို့က ``သင်သည်မေရှိယမဟုတ်၊ ဧလိယ လည်းမဟုတ်၊ ပရောဖက်လည်းမဟုတ်ပါမူအဘယ် ကြောင့်ဗတ္တိဇံမင်္ဂလာကိုပေးပါသနည်း'' ဟု မေးကြ၏။
26 ယောဟန်က ``ငါသည်ရေဖြင့်ဗတ္တိဇံမင်္ဂလာ ကိုပေး၏။ သင်တို့တွင်သင်တို့မသိသော အရှင်ရှိ၏။- 27 ထိုအရှင်သည်ငါ့နောက်ကြွလာသော်လည်း ငါ သည်သူ၏ဖိနပ်ကြိုးကိုမျှမဖြည်ထိုက်'' ဟု ဆို၏။
28 ယောဟန်ဗတ္တိဇံမင်္ဂလာပေးရာယော်ဒန်မြစ် အရှေ့ဘက်ကမ်းရှိဗေသနိရွာတွင်ဤအမှု အရာဖြစ်ပျက်သတည်း။
ဘုရားသခင်၏သိုးသူငယ်တော်
29 နောက်တစ်နေ့၌မိမိ၏ထံသို့သခင်ယေရှု ကြွလာသည်ကိုမြင်လျှင် ယောဟန်က ``လောက သားတို့၏အပြစ်ကိုယူဆောင်သွားတော်မူ သောဘုရားသခင်၏သိုးသူငယ်တော်ကို ကြည့်ကြလော့။- 30 `ငါမမွေးမီကပင်ရှိနေနှင့်သဖြင့် ငါ့ထက် ကြီးမြတ်သောသူသည်ငါ၏နောက်တွင်ကြွ လာလိမ့်မည်' ဟုယခင်အခါကငါဖော်ပြ ခဲ့သူကားထိုသူပင်တည်း။- 31 ကိုယ်တော်သည်မည်သူဖြစ်သည်ကိုယခင် အခါကငါမသိ။ သို့ရာတွင်ဣသရေလ အမျိုးသားတို့သူ့ကိုသိရှိနိုင်ကြစေရန် ငါ သည်ရေဖြင့်ဗတ္တိဇံမင်္ဂလာကိုပေးခြင်းဖြစ်၏'' ဟုဆို၏။
32 ထိုနောက်ယောဟန်က ``ဝိညာဉ်တော်သည် ကောင်းကင်မှချိုးငှက်အသွင်ဖြင့်ဆင်းသက်၍ ကိုယ်တော်၏အပေါ်မှာနားသည်ကိုငါမြင် ရ၏။- 33 ကိုယ်တော်သည်မည်သူဖြစ်သည်ကို ယခင်က ငါမသိ။ သို့သော်ရေဖြင့်ဗတ္တိဇံမင်္ဂလာပေးရန် ငါ့ကိုစေလွှတ်တော်မူသောဘုရားသခင် က `ဝိညာဉ်တော်သည်ဆင်းသက်၍တစ်စုံ တစ်ယောက်သောသူ၏အပေါ်မှာနားတော်မူ သည်ကိုသင်မြင်ရလိမ့်မည်' ဟုငါ့အား မိန့်တော်မူခဲ့၏။- 34 ဤသို့မိန့်တော်မူသည်အတိုင်းငါတွေ့မြင်ရပြီ ဖြစ်၍ ဤသူသည်ဘုရားသခင်၏သားတော် ဖြစ်ကြောင်းကိုငါသက်သေခံ၏'' ဟုဆို၏။
သခင်ယေရှု၏တပည့်ဦးများ
35 နောက်တစ်နေ့၌ယောဟန်သည် တပည့် နှစ်ယောက်နှင့်အတူရပ်လျက်နေစဉ်၊- 36 သခင်ယေရှုကြွတော်မူသည်ကိုမြင် သဖြင့် ``ဘုရားသခင်၏သိုးသူငယ်တော်ကို ကြည့်လော့'' ဟုဆို၏။
37 သူ၏တပည့်နှစ်ယောက်တို့သည်ထိုစကားကို ကြားလျှင် သခင်ယေရှု၏နောက်တော်သို့ လိုက်သွားကြ၏။- 38 သခင်ယေရှုသည်နောက်သို့လှည့်၍ကြည့်တော် မူရာ ထိုသူတို့လိုက်လာသည်ကိုမြင်တော်မူ လျှင် ``သင်တို့အဘယ်အရာကိုအလိုရှိကြ သနည်း'' ဟုမေးတော်မူ၏။
ထိုသူတို့က ``ရဗ္ဗိ၊ ကိုယ်တော်သည်အဘယ်မှာ နေတော်မူပါသနည်း'' ဟုမေးလျှောက်ကြ၏။ (ရဗ္ဗိ၏အနက်ကားအရှင်ဘုရားဟုဆိုလို၏)
39 ကိုယ်တော်က ``လာ၍ကြည့်ကြလော့'' ဟုမိန့်တော် မူ၏။ ထိုအချိန်သည်ညနေလေးနာရီအချိန် ဖြစ်သည်။ သူတို့သည်လိုက်၍ကိုယ်တော်နေတော် မူရာအရပ်ကိုမြင်ပြီးလျှင် ကိုယ်တော်နှင့်အတူ မိုးချုပ်သည်တိုင်အောင်နေကြ၏။
40 ယောဟန်၏စကားကိုကြား၍ ကိုယ်တော်၏ နောက်တော်သို့လိုက်သွားသူနှစ်ယောက်အနက် တစ်ယောက်မှာရှိမုန်ပေတရု၏ညီအန္ဒြေ ဖြစ်၏။- 41 သူသည်အစ်ကိုဖြစ်သူရှိမုန်ကိုချက်ချင်းရှာ ၍ ``မေရှိယအရှင်ကိုငါတို့တွေ့ပြီ'' ဟုဆို၏။ (မေရှိယအနက်မှာ ခရစ်တော်ဖြစ်သတည်း။)- 42 ထိုနောက်သူသည်ရှိမုန်အားသခင်ယေရှု ထံတော်သို့ခေါ်ဆောင်သွားလေသည်။
သခင်ယေရှုသည်ရှိမုန်ကိုကြည့်၍ ``သင်သည် ယောဟန်၏သားရှိမုန်ဖြစ်၏။ ကေဖနာမည် သစ်ကိုရလိမ့်မည်'' ဟုမိန့်တော်မူ၏။ (ကေဖ ကားပေတရုဟူသောအမည်နှင့်ထပ်တူ ဖြစ်၍ ကျောက်ဟုအနက်ရှိ၏။)
ဖိလိပ္ပုနှင့်နာသနေလတို့ကို တပည့်များအဖြစ် ရွေးချယ်တော်မူခြင်း
43 နောက်တစ်နေ့၌ကိုယ်တော်သည်ဂါလိလဲပြည် သို့ကြွတော်မူရန် စိတ်ပိုင်းဖြတ်တော်မူ၏။ ဖိလိပ္ပု ကိုတွေ့လျှင် ``ငါ့နောက်သို့လိုက်လော့'' ဟုမိန့်တော် မူ၏။- 44 (ဖိလိပ္ပုသည်ဗက်ဇဲဒမြို့သားဖြစ်၏။ ဗက်ဇဲဒ မြို့ကားအန္ဒြေနှင့်ပေတရုတို့နေထိုင်ရာမြို့ တည်း။)- 45 ဖိလိပ္ပုသည်နာသနေလကိုတွေ့သဖြင့် ``မောရှေ ၏ပညတ်ကျမ်းတွင်လည်းကောင်း၊ ပရောဖက်ကျမ်း များတွင်လည်းကောင်းရေးသားဖော်ပြထားသူ ကိုငါတို့တွေ့ပြီ။ ထိုသူသည်ယောသပ်၏သား၊ နာဇရက်မြို့သားယေရှုဖြစ်၏'' ဟုဆို၏။
46 နာသနေလက ``နာဇရက်မြို့မှကောင်းသည့် အရာတစ်စုံတစ်ခုထွက်ပေါ်နိုင်ပါသလော'' ဟုပြန်၍မေး၏။
ဖိလိပ္ပုက ``လာ၍ကြည့်ပါ'' ဟုဆို၏။
47 နာသနေလလာနေသည်ကိုသခင်ယေရှုမြင် တော်မူလျှင် ``ပရိယာယ်ကင်းသူဣသရေလ အမျိုးသားစစ်ကိုကြည့်ကြလော့'' ဟု မိန့်တော်မူ၏။
48 နာသနေလက ``ကိုယ်တော်ရှင်သည်အဘယ်သို့ အကျွန်ုပ်ကိုသိရှိပါသနည်း'' ဟုမေးလျှောက် ၏။
သခင်ယေရှုက ``သင့်အားဖိလိပ္ပုမခေါ်မီ သဖန်းပင်အောက်တွင်ရှိနေစဉ်အခါကပင် လျှင် သင့်ကိုငါမြင်၏'' ဟုမိန့်တော်မူ၏။
49 ထိုအခါနာသနေလက ``အရှင်ဘုရား၊ ကိုယ်တော်ရှင်သည်ဘုရားသခင်၏သားတော် ဖြစ်ပါ၏။ ဣသရေလအမျိုးသားတို့၏ ဘုရင်ဖြစ်တော်မူပါ၏'' ဟုလျှောက်လေ၏။
50 သခင်ယေရှုက ``သဖန်းပင်အောက်တွင်သင့် ကိုငါမြင်ကြောင်းပြောပြသည့်အတွက်သင် ယုံသလော။ ဤထက်ပို၍အံ့သြဖွယ်သော အမှုအရာတို့ကိုသင်မြင်ရလိမ့်မည်။- 51 အမှန်အကန်သင်တို့အားငါဆိုသည်ကား ကောင်းကင်ပွင့်လျက် လူသားအပေါ်တွင်ဘုရား သခင်၏ကောင်းကင်တမန်များဆင်းလျက် တက်လျက်နေကြသည်ကိုသင်တို့မြင်ရ ကြလတ္တံ့' ဟုမိန့်တော်မူ၏။