ယေဇကျေလအနာဂတ္တိကျမ်း
နိဒါန်း
ခရစ်တော်မပေါ်မီ ၅၈၆ ခုနှစ်တွင်ယေရုရှလင်မြို့ကျဆုံးပြီးချိန်ကာလ၌ပရောဖက်ယေဇကျေလသည် ဗာဗုလုန်ပြည်တွင် ပြည်နှင်ဒဏ်သင့်လျက်နေထိုင်ရလေသည်။ သူပြန်ကြားသည့်ဗျာဒိတ်တော်မှာဗာဗုလုန်ပြည်တွင်ရှိသည့်ပြည်နှင်ဒဏ်သင့်သူများနှင့် ယေရုရှလင်မြို့သူမြို့သားများအတွက်ဖြစ်၏။ ယေဇကျေလအနာဂတ္တိကျမ်းတွင်ပါသောအဋ္ဌိကအကြောင်းများမှာ၊ ၁။ ယေဇကျေလအားပရောဖက်အဖြစ်ရွေးချယ်တော်မူခြင်း၊ ၂။ လူတို့အားဘုရားသခင်တရားစီရင်တော်မူမည့်အကြောင်းနှင့်ယေရုရှလင်မြို့ကျဆုံးပြိုပျက်မည့်အကြောင်းသတိပေးခြင်း၊ ၃။ ကိုယ်တော်၏လူမျိုးတော်အားဖိစီးနှိပ်စက်ကာမှောက်မှားလမ်းလွဲစေသူလူမျိုးတကာတို့အား ထာဝရဘုရားစီရင်တော်မူမည့်အပြစ်ဒဏ်နှင့်ဆိုင်သည့်ဗျာဒိတ်တော်၊ ၄။ ယေရုရှလင်မြို့ကျဆုံးပြီးနောက်ဣသရေလအမျိုးသားတို့အတွက် နှစ်သိမ့်စကားနှင့်ပိုမိုသာယာမည့်အနာဂတ်ကာလနှင့်ဆိုင်သည့်ကတိတော်၊ ၅။ ဂေါဂမင်းအားပြစ်ဒဏ်စီရင်တော်မူမည့်ဗျာဒိတ်တော်၊ ၆။ ပြန်လည်ထူထောင်ရမည့်ဗိမာန်တော်နှင့် ဣသရေလနိုင်ငံကိုဗျာဒိတ်ရူပါရုံတွင်ယေဇကျေလတွေ့မြင်ရခြင်းတို့ဖြစ်သည်။
ယေဇကျေလသည်ဘုရားသခင်ကိုနက်နက်နဲနဲယုံကြည်ကိုးစားသူ၊ စိတ်ကူးဉာဏ်အလွန်ကောင်းသူဖြစ်၏။ သူသည်ဗျာဒိတ်ရူပါရုံများအားဖြင့် အမှုအရာအမြောက်အမြားကိုသိမြင်ရလျက် ထိုဗျာဒိတ်တော်တို့ကိုကွက်ကွက်ကွင်းကွင်းသရုပ်သဏ္ဌာန်ဆောင်သည့်အမှုအရာများဖြင့်ရှင်းလင်းတင်ပြလေသည်။ ယေဇကျေလအလေးဂရုပြု၍ဖော်ပြသည့်အချက်မှာ၊ စိတ်သစ်သဘောသစ်ကိုလူတို့ရရှိရန်လိုအပ်မှုနှင့်လူတိုင်း မိမိအပြစ်အတွက်တာဝန်ရှိကြောင်းဖြစ်၏။ သူသည်ဣသရေလအမျိုးသားတို့၏ဘဝပြန်လည်သစ်လွင်လန်းဆန်းမှုအတွက် မိမိ၏မျှော်လင့်ချက်ကိုလည်းထုတ်ဖော်ကြေညာပေသည်။ သူသည်ယဇ်ပုရောဟိတ်အနေဖြင့်သာမက ပရောဖက်အနေဖြင့်လည်းဗိမာန်တော်နှင့်သန့်ရှင်းမြင့်မြတ်ရန် လိုအပ်မှုတို့တွင်အထူးပင်စိတ်ဝင်စား၏။
အကြောင်းအရာအကျဉ်းချုပ်
ယေဇကျေလအားထာဝရဘုရားရွေးချယ်ခန့်ထားတော်မူခြင်း ၁:၁-၃:၂၇။
ယေရုရှလင်မြို့ခံရမည့်ကံကြမ္မာနှင့်ဆိုင်သောဗျာဒိတ်တော်များ ၄:၁-၂၄:၂၇။
လူမျိုးတကာတို့အားဘုရားသခင်အပြစ်ဒဏ်စီရင်တော်မူခြင်း ၂၅:၁ - ၃၂:၃၂။
ကိုယ်တော်၏လူမျိုးတော်အတွက်ဘုရားသခင်၏ကတိတော် ၃၃:၁-၃၇:၂၈။
ဂေါဂမင်းအတွက်ကြိုတင်ဟောကြားချက် ၃၈:၁-၃၉:၂၉။
အနာဂတ်ဗိမာန်တော်နှင့်ဣသရေလနိုင်ငံကိုဖော်ပြမည့်ဗျာဒိတ်ရူပါရုံ ၄၀:၁-၄၈:၃၅။
ဘုရားသခင်ကိုမြင်သောပထမဗျာဒိတ်ရူပါရုံ
1
(၁:၁-၇:၂၇)
ဘုရားသခင်၏ပလ္လင်တော်
1 သုံးဆယ်နှစ်မြောက်1 * သုံးဆယ်နှစ်မြောက်။ ဘယ်နှစ်ကိုဆိုလိုကြောင်းမသိရပါ။ စတုတ္ထလ၊ လဆန်းငါးရက်နေ့၌ငါသည် ပြည်နှင်ဒဏ်သင့်သူယုဒအမျိုးသားများနှင့်အတူဗာဗုလုန်ပြည်၊ ခေဗာမြစ်အနီးတွင်နေထိုင်လျက်ရှိစဉ် မိုးကောင်းကင်ကွဲဟ၍ဘုရားသခင်ကိုဗျာဒိတ်ရူပါရုံ၌မြင်ရ၏။-✡ ဗျာ၊ ၁၉:၁၁။ 2 (ထိုနှစ်ကားယေခေါနိမင်းပြည်နှင်ဒဏ်သင့်ချိန်ငါးနှစ်မြောက်ဖြစ်သတည်း။-)✡ ၄ရာ၊ ၂၄:၁၀-၁၆။ ၆ရာ၊ ၃၆:၉-၁၀။ 3 ဗာဗုလုန်ပြည်ခေဗာမြစ်အနီးတွင် ဗုဇိ၏သားယဇ်ပုရောဟိတ်ဖြစ်သူယေဇကျေလသည် ဘုရားသခင်မိန့်တော်မူသံကိုကြားရ၍တန်ခိုးတော်သည်သူ့အပေါ်သို့သက်ရောက်၏။
4 ငါသည်မော်၍ကြည့်လိုက်သောအခါမြောက်အရပ်မှ လေမုန်တိုင်းတစ်ခုလာနေသည်ကိုမြင်ရ၏။ မိုးတိမ်တိုက်ကြီးတစ်ခုမှလျှပ်ပန်းလျှပ်နွယ်များထွက်လျက် ထိုမိုးတိမ်၏ပတ်လည်ရှိကောင်းကင်ပြင်သည်ဝင်းဝါတောက်ပလျက်နေ၏။ လျှပ်ပန်းလျှပ်နွယ်ထွက်ရာတွင်ကြေးဝါနှင့်တူသောအရာတစ်ခုသည်အရောင်လက်၍နေ၏။- 5 မီးတောက်၏အလယ်ဗဟိုတွင် သတ္တဝါလေးဦးနှင့်တူသောပုံသဏ္ဌာန်များကိုငါမြင်ရ၏။ သူတို့သည်လူ၏အသွင်ကိုဆောင်၏။-✡ ဗျာ၊ ၄:၆။ 6 သို့ရာတွင်သူတို့၌မျက်နှာလေးခုနှင့်တောင်ပံလေးခုစီရှိ၏။- 7 သူတို့၏ခြေတို့သည်ဖြောင့်တန်းလျက်နေသော်လည်း ယင်းတို့တွင်နွားခွာနှင့်တူသောခွာများရှိ၏။ ထိုသတ္တဝါတို့သည်တိုက်ချွတ်ထားသောကြေးဝါကဲ့သို့တောက်ပြောင်လျက်နေ၏။- 8 သူတို့တွင်မျက်နှာလေးခုနှင့်တောင်ပံလေးခုအပြင် တောင်ပံတစ်ခုစီ၏အောက်၌လူလက်ရှိ၏။- 9 ထိုသတ္တဝါတို့သည်တစ်ပါးနှင့်တစ်ပါးထိအောင်တောင်ပံနှစ်ခုစီကိုဖြန့်လျက် ရှေ့တူရူသို့အသီးသီးမျက်နှာမူလျက်နေကြ၏။ သူတို့သည်မိမိတို့၏ကိုယ်ကိုမလှည့်ဘဲအစုလိုက်သွားလာကြ၏။
10 ထိုသတ္တဝါတစ်ပါးစီ၌ရှိသောမျက်နှာလေးခုတို့သည် တစ်ခုနှင့်တစ်ခုမတူကြ။ ရှေ့ဘက်တွင်လူမျက်နှာ၊ လက်ယာဘက်တွင်ခြင်္သေ့မျက်နှာ၊ လက်ဝဲဘက်တွင်နွားမျက်နှာ၊ နောက်ဘက်တွင်လင်းယုန်မျက်နှာရှိ၏။-✡ ယေဇ၊ ၁၀:၁၄။ ဗျာ၊ ၄:၇။ 11 ထိုသတ္တဝါတို့သည်တစ်ပါးနှင့်တစ်ပါးအတောင်ဖျားချင်းထိအောင် တောင်ပံနှစ်ခုစီဖြန့်၍ထားပြီးလျှင် အခြားတောင်ပံနှစ်ခုဖြင့်မိမိတို့ကိုယ်ကိုအုပ်ထားကြ၏။- 12 သူတို့အားလုံးပင်အရပ်လေးမျက်နှာသို့မျက်နှာပြုလျက်နေကြ၏။ သို့ဖြစ်၍သူတို့သည်အစုလိုက်မိမိတို့လိုရာအရပ်သို့မလှည့်ဘဲသွားနိုင်ကြ၏။
13 ထိုသတ္တဝါတို့၏အလယ်တွင်မီးလျှံထနေသောမီးရှူးတိုင်နှင့်တူသည့်အရာတစ်ခုသည် အစဉ်ပင်ရွေ့လျားလျက်နေ၏။ ထိုအရာမှမီးလျှံတက်ပြီးလျှင်လျှပ်စစ်နွယ်များထွက်ပေါ်လာ၏။- 14 သတ္တဝါများကိုယ်တိုင်ပင်လျှင်လျှပ်စစ်သဖွယ် လျင်မြန်စွာသွားလာကြ၏။
15 ငါသည်မျက်နှာလေးမျိုးရှိသောသတ္တဝါလေးပါးကိုကြည့်၍နေစဉ် သူတို့အသီးသီး၏အနီးတွင်မြေနှင့်ထိ၍နေသောရထားဘီးတစ်ခုစီရှိ၍နေသည်ကိုမြင်ရ၏။-✡ ယေဇ၊ ၁၀:၉-၁၃။ 16 ထိုဘီးအားလုံးသည်ကျောက်မျက်ရတနာကဲ့သို့ တောက်ပလျက်တစ်ခုနှင့်တစ်ခုတူကြ၏။ ဘီးတိုင်းတွင်အလယ်မှထောင့်မှန်ကန့်လန့်ဖြတ်၍နေသောဘီးတစ်ခုရှိ၏။- 17 သို့ဖြစ်၍ထိုဘီးတို့သည်မလှည့်ဘဲအရပ်လေးမျက်နှာသို့ သတ္တဝါလေးပါးသွားလာသည့်အတိုင်းသွားနိုင်ကြ၏။- 18 ဘီးခွေတို့သည်မျက်စိများဖြင့်ပြည့်နှက်လျက်ရှိ၍ မြင့်မားလျက်စိုးရိမ်ထိတ်လန့်ဖွယ်ကောင်း၏။-✡ ဗျာ၊ ၄:၈။ 19-20 သတ္တဝါများလှုပ်ရှားသွားလာသည့်အခါတိုင်း ထိုဘီးတို့သည်လိုက်၍ရွေ့လျားကြ၏။ သတ္တဝါများမြေကြီးမှခွာ၍အထက်သို့တက်ကြသောအခါ၌လည်း ဘီးတို့သည်လိုက်၍တက်ကြ၏။- 21 ဝိညာဉ်သည်မိမိတို့လိုရာအရပ်သို့သွားကြသောအခါ ဘီးတို့သည်လည်းသတ္တဝါများပြုသည့်အတိုင်းအထက်သို့တက်ကြ၏။ အဘယ်ကြောင့်ဆိုသော်သတ္တဝါများ၏ဝိညာဉ်သည်ဘီးတို့အားထိန်းချုပ်ထားသောကြောင့်ဖြစ်သည်။ သို့ဖြစ်၍သတ္တဝါများလှုပ်ရှားသွားလာသောအခါ ရပ်ဆိုင်းသည့်အခါလေထဲသို့တက်ကြသည့်အခါ၌ ဘီးတို့သည်ထပ်တူထပ်မျှလိုက်၍ပြုကြ၏။ အဘယ်ကြောင့်ဆိုသော်ယင်းတို့အားသတ္တဝါတို့၏ဝိညာဉ်တို့က ထိန်းချုပ်ထားသောကြောင့်ဖြစ်၏။
22 သတ္တဝါများ၏ဦးခေါင်းအထက်တွင်အရောင်လက်၍နေသောကျောက်သလင်းသဖွယ်ရှိ၍ ထိတ်လန့်ဖွယ်ကောင်းသောလိပ်ခုံးပုံသဏ္ဌာန်ကြီးတစ်ခုရှိ၏။-✡ ဗျာ၊ ၄:၆။ 23 ထိုအရာ၏အောက်တွင်သတ္တဝါတစ်ပါးစီတို့သည် မိမိတို့နှင့်နီးရာသတ္တဝါများဘက်သို့တောင်ပံနှစ်ခုကိုဖြန့်ပြီးလျှင် အခြားတောင်ပံနှစ်ခုဖြင့်မိမိတို့ကိုယ်ကိုအုပ်ထားကြ၏။- 24 သူတို့ပျံသန်းကြသောအခါအတောင်ခတ်သည့်အသံကိုငါကြားရ၏။ ထိုအသံသည်ပင်လယ်မြည်ဟည်းသကဲ့သို့လည်းကောင်း၊ ကြီးမားသောစစ်သည်ဗိုလ်ခြေတို့၏အသံကဲ့သို့ကဲ့သို့လည်းကောင်း၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏အသံတော်ကဲ့သို့ဖြစ်၏။ သူတို့ရပ်နားကြသောအခါမိမိတို့၏အတောင်များကိုချထားကြ၏။-✡ ဗျာ၊ ၁:၁၅၊ ၁၉:၆။ 25 ထိုသို့အတောင်များကိုချလျက်ရပ်နေစဉ် သူတို့၏ဦးခေါင်းအထက်ရှိလိပ်ခုံးမိုးအပေါ်မှ အသံတစ်ခုထွက်ပေါ်လာ၏။
26 ထိုလိပ်ခုံးမိုးအပေါ်၌နီလာဖြင့်ပြီးသည့်ရာဇပလ္လင်နှင့်တူသောအရာတစ်ခုရှိ၏။ ထိုရာဇပလ္လင်ပေါ်တွင်လူပုံသဏ္ဌာန်ရှိသူတစ်ဦးထိုင်နေ၏။-✡ ယေဇ၊ ၁၀:၁။ ဗျာ၊ ၄:၂-၃။ 27 ထိုသူ၏ခါးအထက်ပိုင်းသည်မီးလျှံထဲမှကြေးဝါကဲ့သို့တောက်ပြောင်၍နေ၏။ ခါးမှခြေဖျားထိသူ၏အောက်ပိုင်းသည် မီးရောင်ဖြင့်ပင်လျှင်တစ်ကိုယ်လုံးထွန်းလင်းတောက်ပလျက်ရှိပေသည်။-✡ ယေဇ၊ ၈:၂။ 28 ယင်းသို့ထွန်းလင်းတောက်ပသောအရောင်အဝါသည် မိုးတိမ်များ၌ဖြစ်ပေါ်တတ်သောသက်တံနှင့်တူ၏။ ဤကားထာဝရဘုရား၏ဘုန်းအသရေတော်ကို ဖော်ပြသောတောက်ပသည့်အလင်းရောင်ဖြစ်သတည်း။