ထွက်မြောက်ရာကျမ်း
နိဒါန်း
ထွက်မြောက်ရာကျမ်းသည်ဣသရေလလူမျိုး၏သမိုင်းတွင် အရေးအကြီးဆုံးအဖြစ်အပျက်ကိုမှတ်တမ်းတင်သောကျမ်းဖြစ်သည်။ ဤကျမ်းတွင်ဣသရေလလူမျိုးသည်အီဂျစ်ပြည်၌တစ်ပါးကျွန်အဖြစ်နေထိုင်ခဲ့ရာမှလွတ်မြောက်လာခြင်းအကြောင်းကိုဖော်ပြထားသည်။ အဋ္ဌိကအားဖြင့်အပိုင်းလေးပိုင်းရှိသည်။ (၁) ဣသရေလအမျိုးသားတို့ကျွန်ဘဝမှလွတ်မြောက်ခြင်း (၂) သိနာတောင်သို့သွားသောခရီး (၃) ဘုရားသခင်သည်သိနာတောင်တွင်မိမိ၏လူမျိုးတော်နှင့်ပဋိညာဉ်ပြု၍သူတို့စောင့်ထိန်းရမည့်လူ့ကျင့်ဝတ်၊ နိုင်ငံသားကျင့်ဝတ်၊ ဘာသာရေးဆိုင်ရာကျင့်ဝတ်စသည်တို့နှင့်ပတ်သက်သောပညတ်များကိုပေးတော်မူခြင်း (၄) ဣသရေလလူမျိုးတို့ဘုရားဝတ်ပြုကိုးကွယ်ရာဌာနကိုတည်ဆောက်ခြင်းနှင့်အတွင်းအပြင်တန်ဆာဆင်ခြင်း၊ ယဇ်ပုရောဟိတ်များလိုက်နာရန်ပညတ်များ၊ ဘုရားဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာပညတ်များကိုပြဋ္ဌာန်းပေးခြင်း။
အထူးအရေးကြီးသောအချက်မှာဤကျမ်းတွင်ဘုရားသခင်သည်မိမိ၏လူမျိုးတော်ကိုကျွန်ဘဝမှလွတ်မြောက်စေပြီးလျှင်အနာဂတ်အတွက်မျှော်လင့်ချက်ရှိသောလူမျိုးနှင့်နိုင်ငံအဖြစ်သို့ရောက်အောင်ပြုစုပေးတော်မူခြင်းပင်ဖြစ်သည်။
ဤကျမ်း၏အထင်ပေါ်ဆုံးသောပ္ဂိုလ်မှာဣသရေလလူမျိုးကိုခေါင်းဆောင်၍အီဂျစ်ပြည်မှထုတ်ဆောင်ရန်ဘုရားသခင်ရွေးကောက်ခြင်းခံရသောမောရှေဖြစ်သည်။ ပညတ်တော်ဆယ်ပါးစာရင်းကိုဖော်ပြထားသောအခန်း ၂၀ သည်လူအများသိသောကျမ်းပိုင်းဖြစ်သည်။
အကြောင်းအရာအကျဉ်းချုပ်
ဣသရေလအမျိုးသားတို့ကိုအီဂျစ်ပြည်မှလွတ်မြောက်စေခြင်း ၁:၁-၁၅:၂၁
(က) အီဂျစ်ပြည်တွင်ကျွန်ခံရခြင်း ၁:၁-၂၂
(ခ) မောရှေမွေးဖွားခြင်းနှင့်ငယ်စဉ်ဘဝ ၂:၁-၄:၃၁
(ဂ) မောရှေနှင့်အာရုန်တို့အီဂျစ်ဘုရင်နှင့်အရေးဆိုခြင်း ၅:၁-၁၁:၁၀
(ဃ) ပသခါပွဲတော်ကျင်းပခြင်းနှင့်အီဂျစ်ပြည်မှထွက်ခွာလာခြင်း ၁၂:၁-၁၅:၂၁
ပင်လယ်နီမှသိနာတောင်သို့ ၁၅:၂၂-၁၈:၂၇
ပညတ်တော်နှင့်ပဋိညာဉ် ၁၉:၁-၂၄:၁၈
ပဋိညာဉ်တဲတော်နှင့်ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာပညတ်များ ၂၅:၁-၄၀:၃၈
1
အီဂျစ်ပြည်၌ဣသရေလအမျိုးသားတို့အညှဉ်းဆဲခံရခြင်း
1 အီဂျစ်ပြည်သို့ယာကုပ်နှင့်အတူ သွားရောက်ကြသောယာကုပ်၏သားများမှာ၊- 2 ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊- 3-4 ဣသခါ၊ ဇာဗုလုန်၊ ဗင်္ယာမိန်၊ ဒန်၊ နဿလိ၊ ဂဒ်၊ အာရှာတို့ဖြစ်ကြ၏။ သူတို့၏မိသားစုများလည်းလိုက်ပါသွားကြ၏။-✡ က၊ ၄၆:၈-၂၇။ 5 ဤသူတို့သည်ယာကုပ်မှတိုက်ရိုက်ဆင်းသက်၍ ဦးရေအားဖြင့်စုစုပေါင်းခုနစ်ဆယ်ရှိသတည်း။ ယောသပ်သည်အီဂျစ်ပြည်သို့ရောက်နှင့်ပြီးဖြစ်၏။- 6 အချိန်တန်သော်ယောသပ်နှင့်သူ၏ညီအစ်ကိုများနှင့်တကွ သူတို့၏ခေတ်ကဆွေမျိုးသားချင်းအပေါင်းတို့သည်ကွယ်လွန်ကြကုန်၏။- 7 သို့ရာတွင်ဣသရေလအမျိုးသားတို့သည်သားသမီးမြောက်မြားစွာမွေးဖွား၍ အလွန်တိုးပွားများပြားလာသဖြင့်၊ တစ်တိုင်းတစ်ပြည်လုံးတွင်အနှံ့အပြားနေထိုင်ကြလေသည်။✡ တ၊ ၇:၁၇။
8 ထိုနောက်အီဂျစ်ပြည်တွင် ယောသပ်အကြောင်းကိုလုံးဝမကြားဘူးသောဘုရင်တစ်ပါးနန်းတက်လာလေ၏။-✡ တ၊ ၇:၁၈။ 9 ထိုဘုရင်ကသူ၏ပြည်သားတို့အား``ဤဣသရေလအမျိုးသားတို့သည် လူဦးရေအလွန်များပြား၍အင်အားကြီးမားလာသဖြင့် ငါတို့အားအန္တရာယ်ပြုနိုင်၏။- 10 သူတို့၏လူဦးရေယခုထက်မတိုးပွားလာစေရန် လိမ္မာစွာငါတို့ပြုရကြမည်။ အကယ်၍စစ်မက်ဖြစ်ပွားလာလျှင် သူတို့သည်ငါတို့၏တစ်ဘက်ရန်သူနှင့်ပူးပေါင်း၍ငါတို့ကိုတိုက်ခိုက်ပြီးလျှင် တိုင်းပြည်မှထွက်ပြေးကြလိမ့်မည်'' ဟုမိန့်ကြားလေ၏။-✡ တ၊ ၇:၁၉။ 11 သို့ဖြစ်၍အီဂျစ်အမျိုးသားတို့သည်ဣသရေလအမျိုးသားတို့အပေါ်တွင် အုပ်ချုပ်ရေးအရာရှိချုပ်များကိုခန့်ထား၍ စိတ်ဋ္ဌာတ်ကိုချိုးနှိမ်ရန်အလုပ်ကြမ်းကိုအတင်းအကြပ်ခိုင်းကြ၏။ ဤနည်းအားဖြင့်ဖာရောဘုရင်၏ရိက္ခာသိုလှောင်ရာ ပိသုံမြို့နှင့်ရာမသက်မြို့တို့ကိုဣသရေလအမျိုးသားတို့အားတည်ဆောက်စေ၏။- 12 သို့သော်လည်းအီဂျစ်ပြည်သားတို့က ဣသရေလအမျိုးသားတို့ကိုနှိပ်စက်ညှဉ်းဆဲလေ၊ သူတို့၏လူဦးရေတိုးပွားပျံ့နှံ့လာလေဖြစ်၏။ အီဂျစ်ပြည်သားတို့သည်ဣသရေလအမျိုးသားတို့ကိုကြောက်ရွံ့လာကြ၏။- 13 ထို့ကြောင့် ဣသရေလအမျိုးသားတို့အား ကျွန်အဖြစ်အတင်းအကြပ်စေခိုင်း၍ညှဉ်းဆဲကြ၏။ 14 ဆောက်လုပ်ရေး၌လည်းကောင်း၊ လယ်ယာလုပ်ငန်း၌လည်းကောင်း မညှာမတာဘဲပင်ပန်းကြီးစွာလုပ်ဆောင်စေကြ၏။
15 အီဂျစ်ဘုရင်က ရှိဖရနှင့်ပုအာနာမည်ရှိသောဟေဗြဲဝမ်းဆွဲနှစ်ဦးတို့အား၊- 16 ``ဟေဗြဲအမျိုးသမီးတို့ကိုသားဖွားပေးရသည့်အခါ ယောကျာ်းကလေးဖြစ်လျှင်သတ်ပစ်လော့။ မိန်းကလေးဖြစ်လျှင်အသက်ချမ်းသာခွင့်ပေးလော့။'' ဟုအမိန့်ပေးလေ၏။- 17 သို့ရာတွင်ဝမ်းဆွဲအမျိုးသမီးတို့သည် ထာဝရဘုရားကိုကြောက်ရွံ့သူများဖြစ်သောကြောင့် ဘုရင်၏အမိန့်ကိုမနာခံဘဲယောကျာ်းကလေးများကိုအသက်ချမ်းသာစေကြ၏။- 18 ထို့ကြောင့်ဘုရင်သည်ဝမ်းဆွဲတို့အားဆင့်ခေါ်လျက်``သင်တို့သည်ငါ၏အမိန့်ကိုမနာခံဘဲ အဘယ်ကြောင့်ယောကျာ်းကလေးများကိုအသက်ချမ်းသာစေရသနည်း'' ဟုမေးလေ၏။- 19 ထိုအခါဝမ်းဆွဲတို့က``ဟေဗြဲအမျိုးသမီးတို့သည် အီဂျစ်အမျိုးသမီးတို့နှင့်မတူပါ။ သူတို့သည်သားဖွားလွယ်ကြသဖြင့်ဝမ်းဆွဲမရောက်မီ ကလေးကိုဖွားနှင့်ပြီးဖြစ်ပါသည်'' ဟုလျှောက်ထားကြ၏။- 20-21 ဝမ်းဆွဲတို့သည်ထာဝရဘုရားကိုကြောက်ရွံ့သူများဖြစ်သောကြောင့် ထာဝရဘုရားကသူတို့ကိုကျေးဇူးပြု၍ သူတို့၌အိမ်ထောင်မိသားစုများရှိစေတော်မူ၏။ ဣသရေလအမျိုးသားတို့၏ဦးရေသည်လည်းတိုးပွားများပြားလာ၏။- 22 သို့ဖြစ်၍ဖာရောဘုရင်သည်``ဟေဗြဲအမျိုးသမီးတို့မှဖွားမြင်သော သားယောကျာ်းမှန်သမျှတို့ကိုနိုင်းမြစ်ထဲသို့ပစ်ချရမည်။ သမီးမိန်းကလေးများကိုမူအသက်ချမ်းသာပေးရမည်'' ဟုမိမိ၏ပြည်သူပြည်သားတို့အားအမိန့်ပေးလေ၏။✡ တ၊ ၇:၁၉။